Kaya (ကာယား) ဆိုတာ ဘာလဲ ??
- Nice Food Myanmar
- Aug 15, 2019
- 1 min read
ငယ်ငယ်တုန်းက နာမည်ကျော် မင်းသမီး ထက်ထက်မိုးဦး ကြော်ငြာတဲ့ အုန်းသီးပေါင်မုန့် ပဲပေါင်မုန့် ကာယားပေါင်မုန့်ဆိုတာ ကြားဖူးမှာပါ။ အုန်းသီးနဲ့ပဲကတော့ ဟုတ်ပါပြီ။ ကာယားဆိုတာက ?
ကာယား ဆိုတာကတော့ မလေးရှားနိုင်ငံရဲ့ ကိုလိုနီခေတ် သမိုင်းစဉ်ကာလက ပေါ်ပေါက်ခဲ့တဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့မှာ အထင်ရှားဆုံး မနက်စာကတော့ ရိုတီကာယား (Roti Kaya) ဖြစ်ပါတယ်။ ပေါင်မုန့်မီးကင်ပေါ်ကို မာဂျရင်း(ဟင်းရွက်ဆီနဲ့လုပ်ထားတဲ့ထောပတ်) သုတ် ကာယားအနှစ်ဆမ်းထားတဲ့ ရိုးရှင်းတဲ့မနက်စာ ဖြစ်ပါတယ်။ ကော်ဖီလေးပါ တွဲသောက်တာပေါ့။
ကာယားကို ဘယ်ကရသလဲ။ ကာယားဆိုတာ Coconut egg jam လို့ခေါ်လို့ အုန်းသီးနဲ့ ကြက်ဥရောထားတဲ့ယိုတစ်မျိုးပေါ့။ ကြက်ဥ အုန်းနို့ သကြားနဲ့ ဆွမ်းမွှေးရွက် လေးမျိုးထဲပါဝင်တဲ့ ယိုတစ်မျိုး ဖြစ်ပါတယ်။ အရသာကဆိမ့်ပြီး အနံ့က မွှေးမွှေးလေးပေါ့။
ဒီတော့ ကာယားအနှစ်တစ်မျိုးထဲမှာ အုန်းသီးနဲ့ကြက်ဥရဲ့ အာဟာရဓာတ်တွေ ပါဝင်နေမှာ ဖြစ်ပါတယ်။ ကာယားကို အိမ်မှာ စမ်းလုပ်ကြည့်ချင်တဲ့ သူတွေအတွက် အလွယ်ဆုံးနည်းလေး ဖော်ပြပေးချင်ပါတယ်။
ကြက်ဥ ၅လုံး
သကြား ၂၀၀ဂရမ်
အုန်းနို့ ၂၅၀မီလီလီတာ
အုန်းနို့အနှစ် ၁၀၀မီလီလီတာ (coconut cream)
ဆွမ်းမွှေးရွက် ၃ရွက်(ထုံးထားပါ)
ပြောင်းကော်မှုန့် ထမင်းစားဇွန်း ၁ဇွန်းခွဲ
ရေ ထမင်းစားဇွန်း ၁ဇွန်းခွဲ
ကြက်ဥ အုန်းနို့ အုန်းနို့အနှစ် သကြားတို့ကို ဇလုံတစ်လုံးထဲတွင်ထည့်၍ သေချာစွာခေါက်ပါ။ ရရှိလာသော အနှစ်များအား ဇကာချထားပါ။
မကပ်အိုးထဲကို အနှစ်များထည့်ပါ။ ဆွမ်းမွှေးရွက် အထုံးများကို ထည့်ပြီး မီးအနေတော်ဖြင့်တည်ပါ။ မိနစ်နှစ်ဆယ်ခန့်မွှေပေးပါ။ အနှစ်များ ပိုမိုပျစ်လာစေရန် ပြောင်းကော်မှုန့်နှင့်ရေကို ဖျော်၍ ထည့်ပေးပါ။
ခရင်ကဲ့သို့အနှစ်များရလာပါက အအေးခံပါ။ အအေးခံပြီးပါက မွှေစက်ထဲထည့်၍ နူးညံ့သောခရင်ပုံစံရသည်အထိ မွှေပေးပါ။ သန့်ရှင်းသော ဖန်ပုလင်းထဲထည့်၍ ရေခဲသေတ္တာတွင်ထားကာ သုံးဆောင်နိုင်ပါပြီ

Kommentarer